ပေ(၃၀)အနက်ထဲ ရောက်နေတဲ့ ခွေးတစ်ကောင်ကို အသက်နဲ့ရင်းပြီးကယ်ခဲ့တဲ့ အမျိုးသမီး

twitter/Mauna

တိရစ္ဆာန်လေးတွေကို ညှင်းပန်းနှိပ်စက်တဲ့သတင်းတွေကို မကြာခဏ ကြားဖူးတွေ့ဖူးကြမှာပါ။ ဥပမာဆိုရင် မကြာသေးခင်တုန်းကလည်း တရုတ်နိုင်ငံထဲက ပန်းခြံတစ်ခုမှာ (၂၂၃) ပေအမြင့်ကနေ အတင်းအကြပ် bungee jump နဲ့ ခုန်ချခိုင်းခံခဲ့ရတဲ့ ဝက်တစ်ကောင်ရဲ့ ဗီဒီယိုကို အမှတ်ရမိမှာပါ။ ဒီလိုဆို လူသားတွေဟာ တိရစ္ဆာန်တွေကို အနိုင်အထက် ပြုကျင့်တဲ့သူတွေ သက်သက်ပဲလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ တိရစ္ဆာန်လေးတွေကို သွေးသားရင်းချာလိုမျိုး ချစ်တတ်တဲ့သူတွေလည်း ရှိနေသေးတယ်ဆိုတာကို storypick သတင်းကနေ အခုလို တွေ့လိုက်ရပါတယ်။

twitter/Mauna

အောက်မှာတော့ ဗီဒီယိုလေးတစ်ပုဒ်ကို ဖော်ပြပေးထားပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ကိုယ့်အသက်ကိုယ်တောင် မငဲ့ကွက်နိုင်ပဲ ရေတွင်းထဲ ကျနေတဲ့ ခွေးလေးတစ်ကောင်ကို ကယ်ဆယ်ပေးဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ အိန္ဒိယနိုင်ငံ မန်ဂါလူရုမှာ နေထိုင်တဲ့ အသက် (၄၀) အရွယ် နယ်ခံတစ်ဦး ဖြစ်ပါတယ်။

တစ်နေတော့ ရေတွင်းထဲကို ခွေးလေးတစ်ကောင်က ပြုတ်ကျသွားခဲ့ပါတယ်။ ရေတွင်းက ပေ (၃၀) အနက်ရှိပါတယ်။ ခွေးလေးကို လူတော်တော်များများက ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချည်းနှီးပါပဲ။ ရေတွင်းက နက်လွန်းလို့ ကယ်ဆယ်ဖို့ နှောင့်နှေးနေခဲ့ရပါတယ်။ ဒီအချိန်မှာပဲ တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ရာဂျာနီဟာ ခွေးလေးကို မရရအောင် ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


သူမဟာ ကြိုးနဲ့ ရေတွင်းအောက်ခြေထိရောက်အောင် ဆင်းသွားခဲ့ပါတယ်။ ပြီးတဲ့နောက် ရေတွင်းအောက်ခြေမှာ ပိတ်မိနေတဲ့ ခွေးလေးကို ကြိုးနဲ့ သေချာချည်ပေးပြီး အပေါ်ကို လှမ်းဆွဲတင်ခိုင်းကာ ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ ရာဂျာနီရဲ့ ကိုယ်ကျိုးစွန့်တဲ့ အပြုအမူကြောင့် နောက်ဆုံးတော့ ခွေးလေးကို ကယ်တင်နိုင်ခဲ့ပါပြီ။ ခွေးလေးဟာ အန ္တရာယ်ကင်းကင်းနဲ့ ရေတွင်းပေါ်ကို ရောက်သွားခဲ့ပါတယ်။ ပြီးနောက်မှ ရာဂျာနီကလည်း ရေတွင်းထဲကနေ ရေတွင်းအပေါ်နှုတ်ခမ်းဝဆီ ပြန်တက်လာနိုင်ခဲ့ပါတယ်။

twitter/Mauna

ရာဂျာနီကတော့ “ကျွန်မရောက်တဲ့အခါကျတော့ ခွေးလေးက တော်တော်ကြောက်နေပြီ။ ကြိုးကို ကျွန်မ ခါးမှာချည်ပြီး ရေတွင်းထဲ အရင်ဆင်းတယ်။ ပထမဆုံး ခွေးလေးနဲ့ တွေ့တော့ သူက ကျွန်မကို ကိုက်ဖို့လုပ်သေးတယ်။ သူက ရေတွင်းအောက်ခြေက ထောင့်လေးတစ်ထောင့်မှာ ကပ်ထိုင်နေတာ။ ဒါနဲ့ ကျွန်မလည်း သူ့ကို ပွတ်သပ်ပြီး ချော့တော့ သူနည်းနည်း ကြောက်စိတ်ပြေလာတယ် တူပါတယ်။ ကျွန်မလည်း ချက်ခြင်းပဲ သူ့ကို ကြိုးနဲ့ သိုင်းပေးလိုက်တယ်။ ပြီးတော့မှ အပေါ်ဆွဲတင်ခိုင်းလိုက်တယ်…” လို့ ပြောပြခဲ့ပါသေးတယ်။ သတ္တဝါလေးတစ်ကောင်အပေါ်မှာတောင် စာနာဂရုဏာစိတ်ကြီးလှတဲ့ ရာဂျာနီကိုတော့ အားလုံးက ဝိုင်းဝန်းချီးမွမ်းနေကြပါတော့တယ်။

လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top