မိသားစုထဲမှာ အငယ်ဆုံးတွေဟာ အပျော်တတ်ဆုံးသူတွေဖြစ်ကြောင်း သိရ

instagram/kyliejenner,instagram/kensingtonroyal

လူတွေဟာ တူညီတဲ့မိဘ၊ တူညီတဲ့အသိုင်းအဝိုင်းကနေ ကြီးပြင်းလာခဲ့ရင်တောင် စရိုက်ချင်းကွာခြားပါတယ်။ အထူးသဖြင့် မောင်နှမသားချင်းတွေမှာ ရှေ့နောက်မွေးတဲ့ နံပတ်စဉ်ကိုလိုက်ပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကွာသွားတတ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ မိသားစုတစ်စုမှာ အငယ်ဆုံးတွေဟာ အိမ်ရဲ့ဆည်းလည်းတွေလို့ ဆိုကြပါတယ်။

ဒီသီအိုရီနဲ့ ပတ်သက်လို့ ပညာရှင်ပေါင်းများစွာဟာ ယနေ့တိုင် သုတေသနပြုနေကြဆဲပါပဲ။ ဗြိတိသျှဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ YouGov က မကြာသေးခင်ကပဲ သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနထဲမှာ အသက် (၁၈) နှစ်နဲ့အထက် လူအယောက် (၁,၇၈၂) ယောက် ပါဝင်ပါတယ်။ ပါဝင်သူတွေကို တာဝန်ယူမှုပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ မွေးချင်းတွေနဲ့ နှိုင်းယှဉ်စေခဲ့ပါတယ်။

သုတေသနမှာ တွေ့ရတာက အငယ်ဆုံးကလေးတွေဟာ မိသားစုထဲမှာ အပျော်တတ်ဆုံးသူတွေဆိုပြီး အဖြေထွက်လာပါတယ်။ အငယ်ဆုံးကလေးတွေဟာ အခြားမောင်နှမတွေထက် (၄၆) ရာခိုင်နှုန်း ပိုပျော်တတ်ကာ စိတ်ဖိစီးမှု (၄၇) ရာခိုင်နှုန်းလျော့နည်းပြီး လူမှုဆက်ဆံရေး (၄၂) ရာခိုင်နှုန်း ပိုပြီး ကောင်းမွန်နေတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်တွေအဆိုအရ ကလေးတိုင်းဟာ မိသားစုတိုင်းမှာ ၎င်းတို့နဲ့ သင့်တော်မယ့်နေရာကို အမြဲရှာဖွေလေ့ရှိကြောင်း သိရပါတယ်။ ပထမဆုံးမွေးတဲ့ ကလေးတွေဆိုရင် မိသားစုထဲမှာ အကောင်းဆုံးနေရာကို ရွေးချယ်ဖို့ အခွင့်ထူးရကြပါတယ်။ ဒါကြောင့် သားအကြီးဆုံး သမီးအကြီးဆုံးတွေဟာဆိုရင် သူတို့ဟာ မိသားစုအတွက် တာဝန်ရှိတယ်၊ မိဘတွေကို စိတ်ချမ်းသာအောင် ထားဖို့ တာဝန်ရှိတယ်၊ အငယ်တွေအပေါ်မှာ တာဝန်ရှိတယ် စတဲ့စိတ်ထားမျိုးတွေနဲ့ မိသားစုထဲမှာ သူတို့နေရာကို သူတို့ သတ်မှတ်ကြပါတယ်။

အငယ်ဆုံးတွေကတော့ အကြီးတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ အမြဲလိုလို ရုန်းထွက်ချင်သူတွေပါ။ သူတို့ကိုယ်သူတို့ မိသားစုထဲမှာ နေရာတစ်နေရာယူနိုင်ဖို့ နည်းလမ်း ရှာကြံနေသူတွေလည်း ဖြစ်ပါတယ်။ အကြီးတွေလောက် တာဝန်မယူနိုင်တဲ့အခါ ၊ မနာခံနိုင်တဲ့အခါ အငယ်ဆုံးတွေဟာ အခြားနည်းလမ်းတွေနဲ့ မိသားစုထဲမှာ သူတို့ကို သတိထားမိလာအောင် ကြိုးစားကြပါတယ်။ ဒါကြောင့်ပဲ အငယ်ဆုံးတွေဟာ ပိုပြီး စိတ်အပြောင်းအလဲမြန်တဲ့အပြင် ဟာသဉာဏ်ပိုရှိကာ ပိုပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေဖြစ်လာတယ်လို့ လည်း brightside က သတင်းအချက်အလက်တွေအရ သိရပါတယ်။

လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top