Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာလင်မြို့က လူတစ်ဦးဟာ Google Map ထဲမှာ ကားပိတ်တဲ့သင်္ကတေတစ်ခုကို တကယ်ကားမပိတ်ပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ သူသွားတဲ့ လမ်းတစ်လျှောက်ဟာ Google Map ပါ်မှာ အနီတန်းကြီးဖြစ်ပြီး ကားအရမ်းပိတ်နေတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေရာကို တကယ်သွားကြည့်မယ်ဆိုရင် ကားလမ်းပိတ်တာတို့၊ အခမ်းအနားတစ်ခုခုရှိလို့ ကားပိတ်နေတာတို့ ဘာမှမရှိဘဲ လေးဘီးလှည်းလေးတစ်ခုကို ဆွဲပြီးသွားနေတဲ့လူတစ်ယောက်ကိုသာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ထိုလူရဲ့ နာမည်ကတော့ Simon Weckert ဖြစ်ပြီး အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Simon ဟာ စမတ်ဖုန်း (၉၉) လုံးနဲ့ ဆင်းကဒ် (၉၉) ခုကို ဝယ်ယူခဲ့ပါတယ်။ ထို့နောက် ဆင်းကဒ် (၉၉) ခုကို ဖုန်း (၉၉) လုံးထဲထည့်ပြီး ပါဝါဖွင့်ကာ Google Map ထဲကို ဝင်ခဲ့ပါတယ်။ ပြီးတာနဲ့ ဖုန်း (၉၉) လုံးစလုံးကို လေးဘီးလှည်းလေးထဲ အကုန်ထည့်ခဲ့ပြီး ကားရှင်းတဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ ကားရှင်းတာနဲ့ အဲဒီ လေးဘီးလှည်းလေးကို တစ်ယောက်တည်းဆွဲပြီး ဘာလင်မြို့ရဲ့ လမ်းမထက်မှာ လျှောက်သွားနေခဲ့ပါတယ်။

သူလျှောက်သွားနေတဲ့ လမ်းတလျှောက်ဟာ Google Map ပေါ်မှာ ကားလမ်းအရမ်းပိတ်နေတဲ့ သင်္ကေတအဖြစ်ပြသနေပါတယ်။ ဆိုလိုချင်တာက ဖုန်း (၉၉) လုံးဟာ မသိရင် လူတွေ Google Map ကို အသုံးပြုပြီး ကားမောင်းနေတယ်လို့ ထင်ရပြီး လမ်းတစ်လမ်းထဲမှာ ကား (၉၉) စီး ရောက်နေတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါ့ကြောင့် Google Map မှာတော့ System အရ ကားပိတ်နေတဲ့ သင်္ကေတပုံစံ ပေါ်နေတာပဲ ဖြစ်ပါတယ်။
Simon ရဲ့ လုပ်ဆောင်ချက်ကြောင့် ဘာလင်မြို့ထဲမှာ ကားလမ်းတွေ တကယ်ပိတ်သွားတဲ့အထိ ဖြစ်ခဲ့ပြီး ယာဉ်ထိန်းရဲတွေ အလုပ်ရှုပ်သွားခဲ့ရပါတယ်။ ဘာလင်မြို့ထဲက လူအများစုဟာ လမ်း ရှင်း၊ မရှင်း google map ကို ကြည့်ပြီး ယာဉ်မောင်လေ့ရှိတာကြောင့် Simon ရဲ့ စမ်းသပ်ချက်ဟာ အောင်မြင်တယ်လို့ ပြောရမှာပါ။

“ နည်းပညာတွေဆိုတာ လူတွေကလုပ်တာလေ။ ဒါ့ကြောင့် နည်းပညာနဲ့ ပတ်သတ်တဲ့ System တစ်ခုဟာ ဘယ်တော့မှ မမှန်ကန်နိုင်ပါဘူး။ ဒါကို သက်သေပြချင်ရုံ သက်သက်ပါပဲ” လို့ Simon က ရှင်းပြခဲ့ပါတယ်။
[embedded content]
Pyi Hein Kyaw