“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်”

“ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့တဲ့ စာရေးဆရာကြီး (၃) ယောက်”

ဆရာဝန်တွေ လူနာတွေကို ခေတ်အဆက်ဆက် ဂျင်းထည့်ခဲ့ကြတဲ့ စာရေးဆရာကြီး ၃ယောက်ရှိပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရယ် ဆရာမ လွန်းထားထား ဆေးတက္ကသိုလ်ရယ် ဆရာ ဦးရဲမြင့်ကျော် (လင်္ကာရည်ကျော်) ရယ်ပါ။

အရင်ဆုံးပြောရရင် ဆရာဘုန်းနိုင်။ ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ ဝတ္ထု သိပ်ဆန်ပါတယ်။ အရမ်းကောင်း အရမ်းမွန်မြတ် အရမ်း ပြောစရာ မရှိ စသဖြင့် အရမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းကြီးတွေ ဖြစ်ပါတယ်။ ဆရာ ဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အစိုးရအလုပ်ဝင်ကြပါတယ်။ အပြင်ဆေးခန်း မထိုင်ကြပါဘူး။ အပြင် ဆေးခန်းဖွင့်ထားလားလို့ ဆေးရုံမှာ လာမေးတဲ့ လူနာကို ဆရာဝန်က စိတ်တွေ ဆိုးပါတယ်… အယ်လယ်…

ဒါပေမယ့် ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေဟာ အလွန်ပဲ ချမ်းသာကြပါတယ်။ ကားတွေ ရှားတဲ့ ခေတ်မှာတောင် ကိုယ်ပိုင်ကားတွေ စီးကြပါတယ်။ ဒရိုင်ဗာတောင် ငှါးနိုင်လိုက်ပါသေးတယ်။ မိဘချမ်းသာလားဆိုပြီး ကြည့်လိုက်တော့လည်း အဲ့ ဆရာဝန်ရဲ့ မိဘတွေဟာ အစိုးရဝန်ထမ်းတွေပဲ ဖြစ်နေကြပါတယ်။ ဒီ ကိစ္စဟာ အရမ်းနက်နဲပါတယ်။ ကျွန်တော်လည်း လိုက်မမီပါဘူး ကြည့်ရတာ ဆရာဝန်က ရိုးသားပေမယ့် ဆရာဝန်ရဲ့ အဖေက အစိုးရ ပိုက်ဆံတွေ ဘုန်း နေပုံရပါတယ်။

ဒါ့အပြင် ဆရာဘုန်းနိုင်ရဲ့ ဆရာဝန်တွေမှာ အချိန်တွေ အများကြီး ပိုနေကြပုံပေါ်ပါတယ်။ ခွဲစိတ် အထူးကု ဆရာဝန်ကြီးက အဘွားကြီးကို အစိုးရဆေးရုံမှာ နားဖောက်ပေးပါတယ် အရမ်းထူးဆန်းပါတယ် နားဖောက်ချင်တဲ့ အဖွားတွေ အစိုးရဆေးရုံက ခွဲစိတ်အထူးကုဆီ သွားကြပါ မဖောက်ပေးရင် အဲ့ အထူးကုဟာ စိတ်ပုပ်လို့ပါ ဆရာဘုန်းနိုင်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်လောက်တောင် စိတ်ကောင်း မရှိပါဘူး။

နောက်တစ်ယောက် ဆရာမ လွန်းထားထား ကတော့ ဆရာဝန်တွေကို ဂျင်းထည့်တာပါ။ ၁၉၆၀ နှစ်များမှာ ဆရာဘုန်းနိုင် ဂျင်းထည့်ပြီးနောက် ၁၉၉၀ နှစ်တွေမှာတော့ ဆရာမက ဂျင်းထပ်ထည့်ပါတယ်။ ဆရာမရဲ့ ဆရာဝန်တွေကျတော့ အရမ်းတွေ ချမ်းသာ အရမ်းတွေတော် အရမ်းတွေ တတ်ကြပါတယ်။ ဆရာဝန်ဖြစ်သွားရင် ကျော့ကျော့မော့မော့လေးနေရပါတယ်။ ကားအကောင်းစားစီးရပါတယ် တိုက်အိမ်ကြီးမှာ နေရပါတယ် သူဌေးအိမ်တွေက သားမက်တော်ချင် ချွေးမတော်ချင်ကြပါတယ်။

ဆရာဝန်တိုင်းက နိုင်ငံခြားက ဘွဲ့တွေ တသီတသန်းကြီး ရကြပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ ဆရာဝန်ဆိုရင် မြန်မာပြည်ပြန်လာရင် အရမ်းတွေ အောင်မြင်ပါတယ်။ စာတွေ အရမ်းတော်ပြီး ဘွဲ့တွေ ဟောတစ်ခု ဟောတစ်ခု ရပါတယ်။ ဆရာဝန် လုပ်မယ့်လူတွေမှာ ဒါတွေဖတ်ပြီး ပီတိတွေ ဖြာကြပါတယ်။ ဆရာဝန်ဖြစ်တာနဲ့ အဲ့လိုတွေ တန်းဖြစ်တော့မယ် အထင်တွေ ရောက်လာကြပါတယ်။

အပြင်က လူနာတွေကလည်း ဆရာမဝတ္ထုထဲကလို အရမ်းတော် အရမ်းထူးချွန် ထက်မြက်တဲ့ ချောမောတဲ့ နိုင်ငံခြားပြန် ဒေါက်တာတွေနဲ့ပဲ ပြချင်ကြပါတယ်။ ဘွဲ့ရကာစ အငယ်ပိုင်းက ဆရာဝန်လေးတွေခမျာ သူတို့အမြင်မှာ ဘာမှမတတ်ဘဲနဲ့ ကုနေကြသလိုနဲ့ အထင်သေးခံရရှာပါတယ်။

ဒီလိုနဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွေမှာတော့ ဆရာ လင်္ကာရည်ကျော်က ကြိုးကြာတောင်ပံတွေ ခတ်ပြီး တစ်ခေတ်ဆန်းလိုက်ပြန်ပါတယ်။ ဆရာ့ဝတ္ထုထဲက ဆရာဝန်တွေဟာလည်း အရမ်းတော် အရမ်းကြိုးစား အရမ်းအနစ်နာခံကြပါတယ်။ ဘယ်သူမှ မသွားချင်တဲ့ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့နေရာတွေကိုလည်း ဆရာ့ဇာတ်ကောင်တွေက အရမ်းသွားချင်ကြပါတယ်။ ဒါက ပိုဂျင်းထည့်လို့ကောင်းပါတယ်။

အမှန်တော့ သွားလာရခက်ခဲတဲ့ ဒေသတွေ ရှိနေတယ်ဆိုတာ လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ပါ။ လူတွေ အမြင်မှာ ဒီဒေသတွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းလာအောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ အတွေးမဝင်တော့ပါဘူး အဲ့ဒေသကို ခက်ခက်ခဲခဲ သွားတဲ့ ဆရာဝန်မှသာ ကြိုးကြာတောင်ပံခတ်တယ်လို့ ထင်လာကြပါတယ်။ ကျန်တဲ့ ဆရာဝန်တွေကတော့ အချောင်ခိုကြတယ်လို့ ထင်လာကြပါတယ်။

ဆရာ့ဇာတ်ကောင်တွေဆို သိပ်ကို ဝတ္ထုဆန်ပြီး စံပြုထိုက်လွန်းနေပါတယ်။ နိုင်ငံခြားမှာ နေဖို့ အခွင့်အရေးရလည်း သူတို့ဟာ အမိမြေကိုပဲ အကျိုးပြုဖို့ ပြန်ကြပါတယ်။ ဆေးရုံက ဆရာဝန်ဟာ လူနာတွေကို ကုရင်း ထမင်းလည်းလွတ် ဟင်းလည်းလွတ်ပါတယ် မနက်စာ ညစာတွေ ပေါင်းစားရတဲ့အထိ ဇာတ်နာပါတယ်။ အမှန်တော့ ၅မိနစ် ၁၀မိနစ်ဆို ထမင်းက စားလို့ပြီးပါတယ်။ ဒါပေမယ့် အနှီဆရာဝန်တွေမှာ အဲ့အချိန်လေးတောင် မရရှာပါ အရမ်းကို ဇာတ်နာလှပါတယ်။ အဲ့တော့ လူနာကို ထမင်းမေ့ ဟင်းမေ့ တစ်နေကုန်ကုပေးနေတဲ့ ဆရာဝန်မှ တကယ့်ဆရာဝန်လို့ လူနာတွေက ထင်လာပါတယ်။ ဆရာဝန်ဆိုတာ ထမင်းမစားလည်း ရတဲ့ သတ္တဝါ အဖြစ် မြင်လာပြီး ဆရာဝန် ထမင်းစားနေလို့ လူနာကို လာမကြည့်ပေးရင် အဲ့ဆရာဝန်ဟာ လူဆိုးကြီး ဖြစ်သွားပါတော့တယ်။

ပြီးတော့ ဆရာလင်္ကာရည်ကျော်က သူ့ဘာသူသာ အပြင်ဆေးခန်းမှာ လူနာမိဘတွေကို အော်ချင်အော်မယ်၊ သူ့ဝတ္ထုထဲက ဆရာဝန်ကတော့ အင်မတန်ကို ယဉ်ကျေးသိမ်မွေ့ပြီး လူနာကို အရမ်းတွေ ယဉ်ကျေးပျူငှါပါတယ်။ အဲ့တော့ အပြင်မှာ လူနာတွေကို ယဉ်ကျေးစွာ ပြုံးပြီးစကားမပြောတဲ့ ဆရာဝန်တွေက လူဆိုးကြီးတွေ ဖြစ်ရပြန်ပါတယ်။

ဆရာဝန်တွေနဲ့ လူနာတွေ လူနာစောင့်တွေရဲ့ မပြေလည်မှုတွေဟာ ဆရာဝန်စပေါ်ပေါက်ကတည်းက ရှိလာခဲ့တာ အခုထိပါပဲ ဘယ်သူ့ဘယ်သူ လွန်တယ် မဝေဖန်လိုပါ ဆရာဝန်လွန်တာလည်း ရှိနိုင်သလို လူနာစောင့်တွေ လွန်တာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဝတ္ထုတွေကတော့ ကြားထဲကနေ မီးလောင်ခြင်းကို အားပေးနေကြသလို ခံစားမိရပါတယ်။ ဆရာဝန်ပဲ ဖြစ်ဖြစ် လူနာပဲ ဖြစ်ဖြစ် လူမှန်ရင် good side နဲ့ dark side အမြဲ ယှဉ်တွဲ ရှိနေတတ်ပါတယ်။ စာရေးဆရာတွေရဲ့ ဇာတ်ကောင် ဆရာဝန်တွေမှာ dark side လုံးဝမရှိပါဘူး။ သူတို့ရဲ့ဇာတ်ကောင်တွေဟာ စံပြလူသားအဖြစ် အမြတ်တနိုး ထားထားရမယ့် လူတွေ ဖြစ်ကြပါတယ်။

ဒီလို ဝတ္ထုတွေ ပေါ်လာသ၍ ဆရာဝန်တွေဟာ အဆဲခံနေရဦးမှာပါပဲ။ ဆရာမဂျူးရဲ့ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ထဲက ဆရာဝန်ဇာတ်ဆောင်ဆိုရင် မော်လမြိုင်ဆေးရုံကို တာဝန်ကျတော့ မော်လမြိုင်မှာပဲ ဆေးခန်းဖွင့်ပြီး ဆေးကုပါတယ်။ ဆရာဘုန်းနိုင်ရဲ့ ဒေါက်တာနှင်းငွေလိုမျိုး “ကျွန်တော် အပြင်ဆေးခန်းမထိုင်ဘူးဗျ… ကျွန်တော့်ကို ဘာမှတ်နေလဲ” ဆိုပြီး မပြောတာကိုပဲ ဆရာမ ဂျူးကို ကျေးဇူးတင်ရပါသေးတော့တယ်…

Derick Min Htet Naing
#Blacker

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top